အိမ်ခြေရာမဲ့ ကလေးငယ်များအတွက် အလှူငွေရှာတဲ့ ကလေး
ဗုဒ္ဓပိဋကတ်တော်ရှိ မဟာဥမင်္ဂဇာတ်(အရပ်အခေါ် မဟော်သဓါဇာတ်)သည် ဇာတ်ကြီးဆယ်ဘွဲ့စာရင်းဝင်ဖြစ်သည်။မဟာ-ကြီးမြတ်သော၊ဩသဓ-ဆေး,ထိုမှ မဟော်သဓါဟုတွင်လာ၏။ မွေးဖွါးပြီးပြီးချင်း လက်မှဆေးတောင့်ပါလာကာ မိခင်ကိုပေးသောပါရမီရှင် ဘုရားလောင်းဖြစ်သည်။
မျက်မှောက်ခေတ်တွင်လည်း ကလေးဘဝ၌ပင် ပါရမီထူးခြားသူများ မွေးဖွားတတ်၏။ထိုသူများတွင် ဘွန်ဟေးလ်ဆိုသူ ကလေးငယ်လည်းပါဝင်သည်။သူ့ကိုကိုယ်ဝန်ဆောင်စဉ်ကစ၍ မိခင်မှာ တရားထိုင်ချင်စိတ်ဝင်ကာ ပုံမှန်တရားထိုင်ခဲ့သည်။သူ့အသက် ၁၈-လကတည်းကပင် မိခင်ကသူ့ကိုတရားထိုင်ပုံထိုင်နည်း သင်ပေး၍ တရားထိုင်လာခဲ့၏ နံနက်တိုင်း ၅-မိနစ်ကြာ တရားထိုင်လေ့ရှိ၏။
အမေရိကန်နိုင်ငံ နယူးယောက်တွင်နေထိုင်သူ ၅-အရွယ် ထိုကလေးသည် ၂၀-၁၂-၂၀၂၀နေ့တွင် တရားထိုင်ခြင်းဖြင့် ရံပုံငွေ ဒေါ်လာ ၃-သောင်း နီးပါး ရှာဖွေပေးနိုင်ခဲ့သည်။ သူ့ဖခင်က ယခုနှစ် ခရစ်စမတ်တွင် အရုပ်လက်ဆောင် မရနိူင်သော အိမ်ခြေယာမဲ့ကလေးများစွာရှိကြောင်း သူ့ကိုပြောပြခဲ့၏။ကလေးကတရားထိုင်ပြီး ထိုကလေးများအတွက် အလှူငွေ ရှာဖွေပေးခဲ့သည်။တရားထိုင်နေပုံကို တိုက်ရိုက်ထုတ်လွှင့်ခဲ့၏။လူအများက ကလေးငယ်လေး၏ ရည်ရွယ်ချက်ကို သဘောကျသဖြင့် အလှူငွေ လှူဒါန်းခဲ့ကြရာ စုစုပေါင်းဒေါ်လာ ၂၈၅၀၉ ရရှိခဲ့သည် ။
Join The Discussion